ဝရင်လှမလှ မသေချာပေမယ့် သွေးတိုးရနိုင်ဖို့ ဘာကြောင့်သေချာတာလဲ
"ဝမှလှတာ" လို့ ကောက်ညှင်းထုပ်လေးတွေက ပြောလေ့ရှိပါတယ်။ အဆီတစ်ရစ် အသားတစ်ရစ်နဲ့ ဝဝကစ်ကစ် ကောက်ညှင်းထုပ်လေးတွေက ချစ်ဖို့ကောင်းတာ မှန်ပေမယ့်၊ စားနိုင်သောက်နိုင်လို့ ဝတာလည်း မှန်ပေမယ့် ကျန်းမာရေးရှုထောင့်ကနေ ကြည့်ရင်တော့ ဝတာဟာ ဆီးချို၊ နှလုံး၊ သွေးတိုးတို့လို နာတာရှည်ရောဂါတွေ ဖြစ်နိုင်ခြေကို မြင့်မားစေပါတယ်။
သုတေသနတွေအရ အဝလွန်ခြင်းဟာ သွေးတိုးရောဂါကို ဖြစ်စေနိုင်သလို သွေးတိုးရှိပြီးသား ဆိုရင်လည်း ပိုဆိုးစေနိုင်ပါတယ်။
ဝတဲ့သူတွေမှာ သွေးတိုး ပိုဖြစ်နိုင်တဲ့ အကြောင်းရင်းများ…
ကျောက်ကပ်ကို ဒဏ်ဖြစ်စေတာ
ဝတဲ့အခါ ခန္ဓာကိုယ်မှာ အဆီတွေ စုလာသလိုပဲ ကျောက်ကပ်မှာလည်း အဆီတွေ စုလာတတ်ပြီး ကျောက်ကပ်မှာ ဖိအားများလာစေပါတယ်။ ကျောက်ကပ်ရဲ့ တာဝန်က ခန္ဓာကိုယ်တွင်းရှိ ရေနဲ့ ဓာတ်ဆားဓာတ်တွေ ပုံမှန်ဖြစ်အောင် ထိန်းညှိပေးပြီး သွေးဖိအား ပုံမှန်ဖြစ်အောင် ထိန်းညှိပေးဖို့ပါ။ အဆီတွေကြောင့် ကျောက်ကပ်က ပိုမိုညှစ်ထုတ်ပြီး အလုပ်လုပ်ရတဲ့အခါ သွေးဖိအားလည်း တက်လာစေပါတယ်။
Renin-Angiotensin-Aldosterone System( RAA system) ဟာ ခန္ဓာကိုယ်အတွင်း သွေးပမာဏနဲ့ သွေးဖိအားကို ထိန်းညှိပေးပါတယ်။ အဝလွန်တဲ့အခါ RAA system က ဟော်မုန်းတွေ ဟန်ချက်ပျက်သွားပြီး ဟော်မုန်းတွေ များလာတာနဲ့အတူ သွေးဖိအားလည်း တက်လာပါတယ်။
ဝတဲ့သူတွေမှာ Central Obesity လို့ ခေါ်တဲ့ ခန္ဓာကိုယ်အလယ်ပိုင်း အဆီထုတွေများပြီး ခါးတုတ်တဲ့သူတွေရဲ့ ကိုယ်တွင်းကလီစာက ပိုပြီးအလုပ်လုပ်ရလို့ နှလုံးမှာ ဒဏ်ဖြစ်ပြီး နှလုံးသွေးတိုး၊ ဆီးချိုတွေ ဖြစ်နိုင်ခြေ ပိုများပါတယ်။ လွယ်လွယ်ပြောရရင် ဝတာချင်းအတူတူ ပွင့်လိုဝတာက ကြူကြူသင်းလို ဝတာထက် ရောဂါဖြစ်နိုင်ခြေ ပိုများပါလိမ့်မယ်။
အင်ဆူလင်ခုခံမှုများပြီး ဆီးချိုဖြစ်စေတာ
အဝလွန်တဲ့သူတွေမှာ ခန္ဓာကိုယ်က အင်ဆူလင်ဟော်မုန်းကို ကောင်းစွာမတုံ့ပြန်နိုင်တော့တဲ့ အင်ဆူလင်ခုခံမှု ဖြစ်ပြီး သွေးတွင်းသကြားဓာတ် မြင့်တက်ကာ အမျိုးအစား ၂ ဆီးချို ဖြစ်လာနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်က ကြာရှည်မြင့်တက်နေတဲ့အခါ သွေးကြောတွေ မာလာ၊ ထိခိုက်လာပြီး သွေးဖိအားတက်ကာ သွေးတိုးလည်း ဖြစ်လာနိုင်ပါတယ်။
Leptin ခုခံမှု (Leptin Resistance) များပြီး အစားကျူးလာတာ
Leptin ဆိုတာ ဆာလောင်မှုကို လျော့နည်းစေတဲ့ ဟော်မုန်းပါ။ Leptin က ဦးနှောက်ကို သတင်းပို့တဲ့အခါ ဗိုက်ပြည့်တဲ့ ခံစားချက်ရပြီး အစာစားခြင်းကို ရပ်ပါတယ်။ အဝလွန်သူတွေမှာ Leptin ဟော်မုန်းတွေ ရှိနေပေမယ့်လည်း Leptin ခုခံမှုဖြစ်ပြီး ကောင်းစွာအလုပ်မလုပ်နိုင်လို့ ပြည့်အင့်တဲ့ ခံစားချက်မခံစားရဘဲ ထပ်ကာထပ်ကာ စားမိစေပြီး ပိုပိုဝလာစေပါတယ်။ Leptin ခုခံမှုက သွေးဖိအားကိုလည်း တက်စေပါတယ်။
Sympathetic Overactivity ကြောင့် သွေးဖိအားတက်လာတာ
Sympathetic Nervous System ဟာ အလိုအလျောက်အာရုံကြောစနစ်ရဲ့အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မလုပ်ငန်းတွေနဲ့ နှလုံးကျန်းမာရေးအတွက် အဓိကကျတဲ့ နေရာကနေ ပါဝင်ပါတယ်။ ဝတဲ့သူတွေမှာ ကိုယ်တွင်းကလီစာမှာ စုနေတဲ့ အဆီတွေကြောင့် Epinephrine နဲ့ Norepinephrine ဟော်မုန်းတွေ ပိုမိုထွက်လာစေပြီး Sympathetic Nervous System က ပိုအလုပ်လုပ်ရတဲ့ Sympathetic Overactivity လို့ခေါ်တဲ့ အခြေအနေဖြစ်လာကာ သွေးကြောတွေ ကျဥ်းလာမာလာကာ သွေးဖိအားလည်း တက်လာပါလိမ့်မယ်။
အခုပြောခဲ့တဲ့ အချက်တွေကြောင့် ဝတဲ့သူတွေဟာ သွေးတိုးရောဂါရဖို့ ဖြစ်နိုင်ခြေ ပိုများရတာပါ။ သွေးတိုးအပြင် ဆီးချိုနဲ့ နှလုံးသွေးကြောကျဥ်းလည်း ဖြစ်နိုင်ပါသေးတယ်။ ဒါကြောင့် ကောက်ညှင်းထုတ်လေးတွေလည်း ဝမှလှတယ်လို့ မယူဆတော့ဘဲ အဆီကင်းပြီး သွယ်လျလှပကာ ရောဂါတွေကင်း၊ ကျန်းမာခြင်းလည်း ဖြစ်စေဖို့ ဝိတ်ချကြပါစို့နော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်